သမိုင်းကြောင်း
မျိုးသားပြတိုက်သည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ အမှတ် ၆၆/၇၄ ရှိ အလျား ၅၂၅ ပေ၊ အနံ ၃၀၈ ပေ၊ ၃.၈၀၄ ဧက အကျယ်ရှိ မြေကွက်ပေါ်တွင် တည်ရှိပါသည်။ အမျိုးသားပြတိုက်(ရန်ကုန်)ကို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၄ နှစ်အကြာ ၁၉၅၂ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီဟော အဆောက်အအုံ၌ စတင်တည်ထောင်ခဲ့ပါသည်။ အဆောက်အဦမှာ လေးထပ်ဖြစ်ပြီး ပထမထပ်တွင် ပန်တျာကျောင်း၊ ဒုတိယထပ်တွင် အမျိုးသားစာကြည့်တိုက်၊ တတိယထပ်တွင် အမျိုးသားပြတိုက်၊ စတုတ္ထထပ်တွင် ဝန်ကြီးဌာနရုံး အသီးသီးဖြစ်ပါသည်။ ထိုစဉ်က ပြတိုက်တွင် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ တိုင်းရင်းသားပစ္စည်းများ၊ ရှေးခေတ်မှူးမတ်တို့၏ ဝတ်စုံများ၊ ရှေးဟောင်းပုရပိုက် စာချွန်တော်နှင့် တံဆိပ်တုံးများ၊ ပြဿဒ်ယဉ်၊ သလွန်၊ ညောင်စောင်း စသည့် ထီးနန်းအသုံးအဆောင်အယောင်များ၊ ရှေးဟောင်းဒင်္ဂါးများကို စုဆောင်းပြသခဲ့ခြင်းဖြစ်သည်။ ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြန်မာဘုရင် နောက်ဆုံးမင်းဆက် သီပေါမင်းလက်ထက်တွင် အသုံးပြုခဲ့သော သီဟာသနပလ္လင်တော်ကြီးကိုလည်း ခင်းကျင်းပြသခဲ့ပါသည်။ ထိုစဉ်က နိုင်ငံတော်ပြတိုက်၊ နိုင်ငံတော်အနုပညာပြတိုက် စသည်ဖြင့်လည်း အမည်တွင်ခဲ့ပြီး ပထမဦးဆုံး ပြတိုက်မှူးကြီးမှာ ဒေါ်ညွန့်ဟန် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်သမိုင်းပြတိုက် (Historic and Cultural Museum) ဟု အသွင်ပြောင်းလိုက်သောကြောင့် ပြကွက်အချို့မှာ ပုံစံပြောင်းသွားခဲ့ရပါသည်။ ၂၀ ရာစု မြန်မာ့သမိုင်းနှင့် သမိုင်းကြောင်းဆိုင်ရာပစ္စည်းများကို အလေးပေးပြခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် သမိုင်းပြတိုက်ကို ဂျူဗလီဟောအဆောက်အဦမှ အမှတ် ၂၆/၄၂၊ ပန်းဆိုးတန်းလမ်းရှိ ဂရင်းလေးဘဏ်ဟောင်း (National Bank of India)သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် အများပြည်သူတို့ လေ့လာရန် “အမျိုးသားပြတိုက်” ဟု ပြန်လည်ဆန်းစစ်ကာ ဖွင့်လှစ်ခဲ့ပါသည်။ ပြတိုက်တွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ပြသရာတွင် ထင်ရှား၍ သမိုင်းတန်ဖိုးမြင့်မားသော အနုပညာလက်ရာတန်ဖိုး အဖိုးမဖြတ်နိုင်သောပစ္စည်းများကို ပြသလာနိုင်သောအခါ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြသပစ္စည်းများ၏ သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုးနှင့် လိုက်လျောညီထွေဖြစ်စေမည့် နိုင်ငံတော်အဆင့်မီ ပြတိုက်သစ်ကြီးတစ်ခု ဆောက်လုပ်ရန်လိုအပ်လာပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ပြတိုက်သစ်ကြီး၏ တည်နေရာ အမှတ် ၆၆/၇၄၊ ပြည်လမ်း၊ ဒဂုံမြို့နယ်တွင် အမျိုးသားပြတိုက်သစ်ကြီး ဆောက်လုပ်ရန် စတင်ပန္နက်ချ ဆောင်ရွက်ခဲ့ကြသည်။ ခေတ်မီဗိသုကာလက်ရာများ ပေါင်းစပ်ထားသော အဆောက်အအုံကြီးဖြစ်ပြီး အလျား ၅၂၅ ပေ၊ အနံ ၃၀၈ ပေ၊ ၃.၈၀၄ ဧက အကျယ်ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် မြေကွက်ပေါ်တွင် အသစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ပြတိုက်ကြီးသည် အလျား ၃၆၀ ပေ၊ အနံ ၂၀၀ ပေ၊ အမြင့်ပေ ၈၀ ရှိကာ A ဆောင်၊ B ဆောင်၊ C ဆောင် ဟူသည့် အဆောင်(၃)ဆောင်ဖြင့် ဆောက်လုပ်ထားပြီး အထပ်(၅)ထပ်တွင် ပြခန်းပေါင်း (၁၃)ခန်းဖြင့် ခင်းကျင်းပြသထားပါသည်။ ခင်းကျင်းပြသထားသည့် ကြမ်းခင်းဧရိယာသည် (၁၉၄၈၀၀) စတုရန်းပေရှိပြီး ငွေကျပ်သိန်းပေါင်း ၄၀၀၀ ကျော် အကုန်အကျခံကာ ပြတိုက်အင်္ဂါရပ်နှင့်ညီစေရန် ဆောက်လုပ်ခဲ့ကြပြီး ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသားပြတိုက်သစ်ကြီးကို ခမ်းနားစွာဖွင့်လှစ်နိုင်ခဲ့ပါသည်။
ပြတိုက်ဆိုင်ရာအချက်အလက်များ
ပြတိုက် ဖွင့်ချိန်
နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက် ဝင်ကြေး
ပြည်ပ ၁၀၀ဝဝိ/-၊ ပြည်တွင်း ၁၀၀ဝိ/၊
ရဟန်း၊ သံဃာ၊ သီလရှင်၊ ကလေး ၊ ကျောင်းသား အခမဲ့
ပြတိုက် ပိတ်ရက်
တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ
တည်နေရာ
အမှတ်(၆၆/၇၄)၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ခင်းကျင်းပြသထားမှု
မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း ၊ သီဟာသနပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ မင်းခမ်းတော်ပစ္စည်းများပြခန်း၊ မြိုပြယဉ်ကျေးမှုပြခန်း၊ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီ ခေတ်ပြခန်း၊ မြန်မာ့ရိုးရာကျေးလက်အနုပညာပြခန်း၊ မြန်မာသုခုမအနုပညာပြခန်း၊ မြန်မာပန်းချီခန်းမဆောင်၊ မြန်မာ့ရှေးဟောင်းအဆင်တန်ဆာပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ အာဆီယံပြခန်း၊ တိုင်းရင်းသားယဉ်ကျေးမှုပြခန်း