နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံအလိုက် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ် နှင့် ယဉ်ကျေးမှုနှင့် သဘာဝရောနှောအမွေအနှစ် အရင်းအမြစ်များ အသီးသီးရှိကြသည်။ ထိုအမွေအနှစ်များသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု ထွန်းကားတိုးတက်လာမှု၊ အနုပညာနှင့် နိုင်ငံ၏သမိုင်းကြောင်းတို့ကို ဖော်ညွှန်းပြသလျက်ရှိပါသည်။ နိုင်ငံတိုင်းသည် မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို အမြင့်ဆုံး ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (The United Nations Educational, Scientific and Cultural Organization-UNESCO) သို့ တင်ပြ၍ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်း၍ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြပါသည်။

UNESCO အဖွဲ့ကြီးသည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသတွင်းအဆင့်သာမက နိုင်ငံတကာကပါ အသိအမှတ်ပြု လက်ခံကာ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက်ရည်ရွယ်၍ အဖွဲ့ဝင်နိုင်ငံ (၁၉၅) နိုင်ငံတွင်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အောက်ဖော်ပြပါအတိုင်း ကမ္ဘာ့အမွေအနှစ်များအဖြစ် သတ်မှတ်၍ ထိန်းသိမ်းလျက် ရှိပါသည်-
(က) ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု)၊
(ခ ) ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ)၊
(ဂ) ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော)။

UNESCO အနေဖြင့် ယခုအချိန်အထိ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကမ္ဘာ့အမွေအနှစ် စာရင်း (ယဉ်ကျေးမှု) (၉၀၀) ခု၊ ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ) (၂၁၈) ခုနှင့် ကမ္ဘာ့ အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော) (၃၉) ခု စုစုပေါင်း ကမ္ဘာ့အမွေအနှစ် စာရင်း (၁၁၅၇) ခုကို သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် “ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နှင့် သဘာဝအမွေအနှစ်များကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း ၁၉၇၂” (Convention Concerning the Protection of the World Cultural and Natural Heritage 1972 (WHC Convention, 1972)” ကို ၁၉၉၄ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပါသည်။
၁၉၇၂ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးပြီးနောက် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းစဉ်တွင် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်သော ပဏာမ စာရင်း (Tentative List) တင်သွင်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ပဏာမ စာရင်း (Tentative List) တင်သွင်းမှုဆောင်ရွက်ထားခြင်း မရှိသော နိုင်ငံသည် ယင်းနိုင်ငံ၏ အမွေအနှစ် များကို ကမ္ဘာ့အမွေအနှစ်အဖြစ် အဆိုပြု တင်သွင်းခွင့်မရနိုင်ပေ။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၆ ခုနှစ်မှစတင်၍ အောက်ဖော်ပြပါ ပဏာမစာရင်း (Tentative List) များကို UNESCO သို့ တင်သွင်းခဲ့ပါသည် –
(က) အဆိုပြုယဉ်ကျေးမှုအမွေအနှစ်များ –
(၁) ပြဒါးလင်းဂူနှင့် အနီးပတ်ဝန်းကျင်ဂူများ(၄.၁၀.၁၉၉၆)၊
(၂) အင်းလေးကန် (၄.၁၀.၁၉၉၆)၊
(၃) ပျူမြို့တော်ဟောင်းများ(ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ – – – -) (၄.၁၀.၁၉၉၆)၊
(၄) ပုဂံဒေသရှေးဟောင်းဒေသနှင့် အထိမ်းအမှတ်အဆောက်အအုံများ (၄.၁၀.၁၉၉၆)၊
(၅) မြောက်ဦးရှေးဟောင်းဒေသနှင့် အထိမ်းအမှတ်အဆောက်အအုံများ (၄.၁၀.၁၉၉၆)၊
(၆) အထက်မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ (အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေး – – -)(၄.၁၀.၁၉၉၆)၊
(၇) မွန်မြို့တော်ဟောင်းများ (ပဲခူး၊ ဟံသာဝတီ – – -)(၄.၁၀.၁၉၉၆)၊
(၈) ကုန်းဘောင်ခေတ်သစ်သားဘုန်းတော်ကြီးကျောင်းများ (အုံတုံ၊ စလေ၊ ပခန်းကြီး၊ ပခန်းငယ်၊ လယ်ကိုင်း၊ စကု၊ ရွှေကျောင်း၊ မန္တလေး – – -) (၄.၁၀.၁၉၉၆)
(၉) ရွှေတိဂုံစေတီတော် (၆.၁၂.၂၀၁၈)
(၁၀) ပုံတောင်ပုံညာဒေသ(၆.၁၂.၂၀၁၈)
(ခ) အဆိုပြုသဘာဝအမွေအနှစ်များ
(၁) ခါကာဘိုရာဇီ မြေယာရှုခင်း(၂၅.၂.၂၀၁၄)
(၂) တနင်္သာရီသစ်တော တစ်လျောက် (၂၅.၂.၂၀၁၄)
(၃) အင်းတော်ကြီးကန် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော (၂၅.၂.၂၀၁၄)
(၄) နတ်မတောင် အမျိုးသားဥယျာဉ် (၂၅.၂.၂၀၁၄)
(၅) ဧရာဝတီမြစ်ကြောင်းတစ်လျောက် (၂၅.၂.၂၀၁၄)
(၆) ဟူးကောင်းတောင်ကြားတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော(၂၅.၂.၂၀၁၄)
(၇) မြိတ်ကျွန်းစု (၂၅.၂.၂၀၁၄)
ထိုသို့ တင်သွင်းထားသော ပဏာမစာရင်း (Tentative List) များထဲမှ ကမ္ဘာ့ အမွေအနှစ်အဖြစ် စာရင်းတင်သွင်းလိုသော နေရာဒေသများအတွက် အဆိုပြုတင်ပြလွှာများကို UNESCO ၏ စံသတ်မှတ်ချက်များနှင့်အညီ ရေးသားပြုစု၍ UNESCO ကမ္ဘာ့အမွေအနှစ် ကော်မတီ (World Heritage Committee) သို့ တင်သွင်းရပါသည်။
အဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းလာသောအဆိုပြုတင်ပြလွှာများကို (ICOMOS- International Council in Monument and Sites) အဆောက်အအုံနှင့် နေရာဒေသဆိုင်ရာ အပြည်အပြည်ဆိုင်ရာကောင်စီ နှင့် IUCN (International Union for Convention of Nature) သဘာဝအမွေအနှစ် ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂတို့က အကဲဖြတ်ဆုံးဖြတ်မှုများ ဆောင်ရွက်ပြီး ယင်း အဖွဲ့အစည်းများ၏ ထောက်ခံချက်များဖြင့် အဆိုပြုတင်ပြလွှာကို ကမ္ဘာ့ အမွေအနှစ်ဗဟိုသို့ တင်သွင်းပါသည်။ ကမ္ဘာ့အမွေအနှစ်ဗဟိုက တင်ပြလာသော အဆိုပြု တင်ပြလွှာကို ကမ္ဘာ့ အမွေအနှစ် ကော်မတီသို့ တင်ပြပြီး အတည်ပြုသင့်/မသင့်ကို တစ်နှစ်လျင် တစ်ကြိမ်အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်မှုများ ဆောင်ရွက်ပါသည်။ အဆိုပြုတင်ပြလွှာများကို အမွေအနှစ်အမျိုးအစားပေါ် မူတည်၍ သက်ဆိုင်သည့်စံနှုန်း သတ်မှတ်ချက်များဖြင့် စိစစ်သုံးသပ် အတည်ပြု၍ အောက်ဖော်ပြပါအတိုင်း သတ်မှတ်ပါသည် –
(က) ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခြင်း (Inscription)
(ခ ) အချက်အလက်များကိုးကား၍ ပြန်လည်တင်ပြစေခြင်း (Referral)
(ဂ ) အမည်စာရင်းတင်သွင်းခြင်းကို ရွှေ့ဆိုင်းခြင်း (Deferral)
(ဃ) ကမ္ဘာ့အမွေအနှစ်အဖြစ် မသတ်မှတ်ခြင်း (Not to Inscribe)
ကမ္ဘာ့အမွေအနှစ် (World Heritage) ဆိုသည်မှာ နောင်လာနောက်သားများ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးကြီးသောနေရာများကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် တင်ပြထားသောအမွေအနှစ်များသည် လူသားအားလုံး အသိအမှတ်ပြုနိုင်သောတန်ဖိုး (Outstanding Universal Value) ရှိရန်လိုအပ်ပြီး သတ်မှတ်ထား သော စံနှုန်း (Criteria) များနှင့်လည်း အနည်းဆုံးတစ်ချက်ကိုက်ညီရန်လိုအပ်ပါသည်။
လူသားအားလုံး အသိအမှတ်ပြုနိုင်သောတန်ဖိုး (Outstanding Universal Value) ဆိုသည် မှာ ယဉ်ကျေးမှု(သို့မဟုတ်) သဘာဝ(သို့မဟုတ်) ယဉ်ကျေးမှုနှင့် သဘာဝရောယှက်လျက်ရှိသော အမွေအနှစ်တို့သည် အမျိုးသားအဆင့်ဂုဏ်ရည်လက္ခဏာ (National Significance) ကို ကျော်လွန်ပြီး နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးအတွက် မျက်မှောက်ခေတ်ကာလတွင်သာမက အနာဂတ်မျိုးဆက်သစ်လူသားမျိုးနွယ်များအတွက် အရေးပါသည့်ဂုဏ်ရည် လက္ခဏာအဖြစ် တည်ရှိနေသောအရာများဟု သတ်မှတ်ခြင်းဖြစ်ပါသည်။
(က) ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု) အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက်များ
ကမ္ဘာ့ အမွေအနှစ်စာရင်း (ယဉ်ကျေးမှု) အတွက် အောက်ဖော်ပြပါ စံသတ်မှတ်ချက် (၆) ခုရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရန်အတွက် စာရင်းတင်သွင်းထားသောဒေသ သို့မဟုတ် နေရာသည် လူသားအားလုံး အသိအမှတ်ပြုနိုင်သော တန်ဖိုးရှိရန်လိုအပ်သကဲ့သို့ သတ်မှတ်ထားသော စံနှုန်း များနှင့်လည်း အနည်းဆုံး တစ်ချက်ကိုက်ညီရန် လိုအပ်ပါသည် – (ဥပမာ – တရုတ်နိုင်ငံရှိ Great Wall၊ အိန္ဒိယနိုင်ငံရှိ Taj Mahal၊ မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း (၃) မြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) နှင့် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသ တို့ကဲ့သို့သော ကြီးမားသော အဆောက်အအုံ များ၊ ကျယ်ဝန်းသော အမွေအနှစ် နေရာဒေသများစသည်တို့ကို ကမ္ဘာ့ အမွေအနှစ်စာရင်း (ယဉ်ကျေးမှု)များ အဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။)
(၁) လူသားများ၏ ဖန်တီးပြုလုပ်ထားသော ယဉ်ကျေးမှုသမိုင်းတစ်လျှောက် တွင် တုနှိုင်းမရသော၊ စံပြုလောက်သော၊ ဂန္ဓဝင်တွင်သော ပြောင်မြောက် လှသည့် လက်ရာများ၊
(၂) လူသားများ၏တန်ဖိုးကို ပြောင်းလဲစေသော အရေးပါမှု၊ အချိန်ကာလ တစ်ခု အတွင်း (သို့မဟုတ်) ယဉ်ကျေးမှုဒေသတစ်ခုအတွင်း ဗိသုကာ လက်ရာ (သို့မဟုတ်) နည်းပညာ၊ အဆောက်အအုံအနုပညာ (သို့မဟုတ်) မြို့တည်ဖွဲ့မှု နှင့် သဘာဝရေမြေပုံစံများ၊ တိုးတက်ပြောင်းလဲလာမှု၊
(၃) တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ်ပြောက်သွားခဲ့သော ယဉ်ကျေးမှု ဓလေ့ (သို့မဟုတ်) မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု (သို့မဟုတ်) ပြယုဂ် တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊
(၄) လူ့သမိုင်းတွင် သိသာထင်ရှားရသောအဆင့်အတန်း (သို့မဟုတ်) ထိုထက်ပိုစွာ ဖော်ပြ ပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်း များ၊ ရေမြေဒေသများ၊
(၅) လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သော သဘာဝတရားအရ ဖြစ်ပေါ်လာသော ယဉ်ကျေးမှုနှင့် လူသားများ၏ အခြေချနေထိုင်ခဲ့မှု၊ ပင်လယ် များကို အသုံးချခဲ့မှု၊
(၆) လူသားအားလုံးအသိအမှတ်ပြုလက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန် နေဆဲထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်၊ အနုပညာ၊ စာပေလက်ရာ များဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ။
(ခ ) ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ)အတွက် သတ်မှတ်ထားသော စံသတ်မှတ် ချက်များ
ကမ္ဘာ့အမွေအနှစ် စာရင်း (သဘာဝ)အတွက် အောက်ဖော်ပြပါ စံသတ်မှတ် ချက် (၄) ခုရှိပြီး ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် အနည်းဆုံး (၁) ချက်နှင့် ကိုက်ညီရန်လိုအပ်ပါသည် – (ဥပမာ – ထင်ရှားသော ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒနှင့် ဘူမိဗေဒဆိုင်ရာ အင်္ဂါရပ်များ၊ ခြိမ်းခြောက်ခံနေရသော အပင်များ သို့မဟုတ် တိရစ္ဆာန်မျိုးစိတ်များနှင့် သိပ္ပံနည်းကျ သို့မဟုတ် အလှအပဆိုင်ရာ အခြေခံများ သို့မဟုတ် ထိန်းသိမ်းရေးအမြင်အရ တန်ဖိုးရှိသော နေရာများကို သဘာဝအမွေအနှစ်များအဖြစ် သတ်မှတ် ခြင်းဖြစ်သည်။)
(၁) သဘာဝအလှတရားနှင့် အနုပညာရသဆိုင်ရာ သဘာဝအတိုင်း ထူးခြား သာလွန်စွာ တည်ရှိနေသည့် ဖြစ်စဉ်များနှင့် နေရာဒေသများ၊
(၂) ကမ္ဘာ့သမိုင်းကြောင်းအတွက် ထင်ရှားလှပြီး အဓိကကျသော လူသားဘဝ ဖြစ်စဉ်ဆိုင်ရာ အထောက်အထားများ၊ တိုးတက်ဖြစ်ထွန်းလာခဲ့သော ပထဝီဝင် ဆိုင်ရာ ထူးခြားသည့် လက္ခဏာရပ်များ၊ ထူးခြားထင်ရှားသည့် မြေမျက်နှာ သွင်ပြင်ဆိုင်ရာ လက္ခဏာများ၊
(၃) အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့သော ကုန်းမြေများ၊ ရေမြေ အသစ်များ၊ ကမ်းခြေများနှင့် ရေကြောင်းဆိုင်ရာဂေဟစံနစ်များ၊ သစ်ပင်များနှင့် တိရစ္ဆာန် မျိုးစိတ်များ၏ ဂေဟဆိုင်ရာနှင့် ဇီဝဆိုင်ရာ ထင်ရှားသည့် လက္ခဏာရပ်များ၊
(၄) သိပ္ပံဆိုင်ရာနှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာရှုထောင့်မှ လူသားအားလုံး အသိအမှတ်ပြုနိုင်သော တန်ဖိုးရှိသည့် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်သော ဇီဝဆိုင်ရာမျိုးသုန်းပျောက်ကွယ် ရန် ခြိမ်းခြောက် ခံနေရသည့် မျိုးစိတ်များ၊၊
၂၀၀၅ ခုနှစ်မှစ၍ ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု)အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက် (၆) ချက်နှင့် ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ)အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက် (၄) ချက် စုစုပေါင်း (၁၀) ချက်တို့ကို ပေါင်းစည်း၍ သတ်မှတ်ခဲ့ပါသည်။
(ဂ) ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှုနှင့် သဘာဝရောနှော)အတွက် သတ်မှတ် ထားသော စံသတ်မှတ်ချက်များ
ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော)ဆိုသည်မှာ သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှု နှစ်ခုလုံးပါဝင်သော နေရာကို ဆိုလိုခြင်းဖြစ်သည်။ ဉပမာအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Mount Taishan ၊ အိန္ဒိယနိုင်ငံရှိ Khangchendzonga National Park ၊ ဗီယက်နမ် နိုင်ငံရှိ Trang An Landscape Complex စသည်တို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော) များအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်နိုင်ရေး အတွက် ကမ္ဘာ့ အမွေအနှစ် (ယဉ်ကျေးမှု) ၏ စံနှုန်းသတ်မှတ်ချက်တစ်ချက်နှင့် ကမ္ဘာ့ အမွေအနှစ် (သဘာဝ) ၏ စံနှုန်းသတ်မှတ်ချက် တစ်ချက် စုစုပေါင်း နှစ်ချက်နှင့်ကိုက်ညီပါက ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝ ရောနှော) ဟု သတ်မှတ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် UNESCO သို့ တင်သွင်းထားသော ပဏာမစာရင်း (Tentative List) များထဲမှ ကမ္ဘာ့အမွေအနှစ်စာရင်းရရှိပြီးသော ဒေသများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် –
(က) ပျူမြို့ဟောင်းများ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ)
(ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပသည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေး 38th Session of the World Heritage Committee(Doha 2014) တွင် ကမ္ဘာ့အမွေအနှစ်အဖွဲ့ဝင်နိုင်ငံ(၂၁)နိုင်ငံ၏ အဆိုပြုထောက်ခံမှုများ အရ မြန်မာနိုင်ငံ၏ ပျူရှေးမြို့ဟောင်း(၃)မြို့အား ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂၂) ရက်နေ့ တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက 38 COM 8B.28 ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု) အဖြစ် အတည်ပြု သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ စံသတ်မှတ်ချက် (Criteria) – 2, 3, 4 ဖြင့် ကိုက်ညီပါသည်။)
(ခ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ
(အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့အထိ ကျင်းပသော (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေး 43rd Session of the World Heritage Committee တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက (43 COM 8B. 20) ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု) အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ စံသတ်မှတ်ချက် (Criteria) – 3, 4, 6 ဖြင့် ကိုက်ညီပါသည်။)
ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် အဆိုပြုစာတွဲ (အပြည့်အစုံ)ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ တင်ပြခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပျူမြို့ဟောင်းများရှိသည့်အနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း တည်ရှိသည့် ဟန်လင်းမြို့ဟောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းတည်ရှိသည့် ဗိဿနိုးမြို့ဟောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာတွင် တည်ရှိသည့် သရေခေတ္တရာမြို့ဟောင်းတို့မှာ အရှေ့တောင် အာရှဒေသအတွင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံ၍ ပထမဆုံးပေါ်ထွန်းလာခဲ့သော မြို့ပြနိုင်ငံ များအဖြစ် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့ပါသည်။ ပျူယဉ်ကျေးမှု ဖြစ်တည် ပေါ်ထွန်းခဲ့သော လူမှုစီးပွါးရေးဓလေ့ အထောက်အထားအဖြစ် ရေသွင်းစိုက်ပျိုးရေး လုပ်ငန်းများ၊ သတ္ထုအခြေခံထုတ်လုပ်မှုဖြစ်သော ငွေကြေးဒင်္ဂါးများသုံးစွဲခြင်းနှင့် ကိရိယာတန်ဆာ ပလာများထုတ်လုပ်ခြင်း၊ ရှေးခေတ်နိုင်ငံတကာ ဆက်ဆံရေးနှင့် ကုန်သွယ်မှုအထောက်အထား များ၊ အုတ်အသုံးပြု၍ မြို့ပြတည်ဆောက်မှုနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ တည်ဆောက်မှုဆိုင်ရာ ဗိသုကာပညာတို့သည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကို ဖော်ညွှန်းလျက်ရှိပါသည်။ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနသည် ပျူယဉ်ကျေးမှုအမွေအနှစ်များအနက်မှ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာပျူ မြို့ဟောင်းများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်သို့ တင်သွင်းနိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ဒုတိယမြောက်ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းတွင်တည်ရှိပြီး တည်ရှိဆဲ၊ ရှင်သန်ဆဲ ရှေးဟောင်းအဆောက်အအုံများ၊ သုတေသနအထောက်အထား အကြွင်း အကျန်များ၊ ဘာသာရေး၊ လူမှုရေးဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဒေသ၏ ဝိသေသ လက္ခဏာများသည် စစ်မှန်၍ အဆင့်အတန်းရှိသော၊ အများလက်ခံနိုင်သော ထူးခြား ထင်ရှားသော ပုဂံ၏အစစ်အမှန်တန်ဘိုးများရှိခြင်း၊ ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံ များ၏ ခန့်ထည်မှုနှင့် အတူ မွမ်းမံခြယ်ထားသည့် အနုပညာလက်ရာတို့သည် မူရင်းအတိုင်း အများဆုံး တွေ့ရှိရခြင်း၊ ကျောက်စာ၊ မင်စာတို့သည် ပုဂံမင်းနေပြည်တော်နှင့် နှောင်းခေတ် အဆက်ဆက် ကုသိုလ်ဒါနပြုမှု မှတ်တမ်းများကို ရေးမှတ်ထားသည်များ ဖြစ်သည့်အတွက် ခေတ်ပြိုင်မူရင်းမှတ်တမ်းများဖြစ်ခြင်း၊ မြို့ရိုးမြို့တာနှင့် နန်းတော်ရာများသည် ရှေးဟောင်း သုတေသနနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုတို့၏ သွင်ပြင်လက္ခဏာများသည် ယဉ်ကျေးမှု၏ သက်သေသာဓကများဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် အဆိုပြု ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းသည့် နေရာ (Nominated Property Area)နှင့် ကာကွယ် ထိန်းသိမ်းထားသော နေရာ (Buffer Area) ဟူ၍ အပိုင်း(၂)ပိုင်းခွဲခြား တင်သွင်းခဲ့ ပါသည်။ အဆိုပြုကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းသည့် နေရာ (Nominated Property Area) မှာ ၄၉၈၇.၈၈ ဧက ရှိပြီး၊ ကာကွယ်ထိန်းသိမ်းထားသော နေရာ(Buffer Area) မှာ ၁၇၈၂၁.၉၇ ဧက နှင့် စုစုပေါင်း ၂၂၈ဝ၉.၈၅ ဧကကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
ပုဂံဒေသအား စံသတ်မှတ်ချက် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆)တို့ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ၁၉၉၆ ခုနှစ်တွင် ပထမအကြိမ်အဆိုပြုစာရင်း တင်သွင်းခဲ့ပါသည်။ သို့သော် (၂၈.၁၂.၁၉၉၇) ရက်နေ့မှ (၂၉.၁၂.၁၉၉၇) နေ့ထိ ကျင်းပသည့် (၂၁)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ဥပဒေအရ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ထားခြင်း မရှိခြင်း၊ တိကျသော နယ်မြေသတ်မှတ်ချက် မရှိခြင်း (ဇုန်နယ်မြေ)၊ စနစ်ကျသော စီမံခန့်ခွဲမှုမရှိခြင်းတို့ကြောင့် Refer back အဖြစ် ပြန်လည်ပေးပို့ခဲ့ ပါသည်။ ထို့နောက် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(၁၉၉၈)ကို ပြဌာန်းပြီး ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဇုန်နယ်မြေများ သတ်မှတ်ခဲ့ပါသည်။ ထို့နောက် ပုဂံဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ၂၀၁၇ ခုနှစ်တွင် UNESCO သို့ ဒုတိယအကြိမ် ထပ်မံတင်သွင်းခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် (ယဉ်ကျေးမှု) အဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ထိုသို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တင်သွင်းလာသော အဆိုပြုစာတွဲများကို စိစစ်အကဲဖြတ်ရန်အတွက် UNESCO အဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ် ညီလာခံကို များသောအားဖြင့် နှစ်စဉ် ဇွန်/ ဇူလိုင်လတွင် UNESCO အဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျ ကျင်းပလေ့ရှိပါသည်။ သက်ဆိုင်ရာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် မကျင်းပနိုင်ပါက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ UNESCO ဌာနချုပ်တွင် ကျင်းပလေ့ရှိပါသည်။ ကမ္ဘာ့ အမွေအနှစ် ညီလာခံကို ၁၉၇၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်တွင် (၄၄) ကြိမ်မြောက်အထိ ကျင်းပခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ၂၀၂၀ ခုနှစ်၌ တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသည့် COVID – 19 ကပ်ရောဂါကြောင့် ကမ္ဘာ့အမွေအနှစ်ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း မရှိသဖြင့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် (၂) နှစ်စာပေါင်း၍ ၄၄ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Fuzhou မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ၄၅ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် ကျင်းပရန် လျာထားခဲ့ သော်လည်း ရုရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် အစည်းအဝေးကျင်းပ နိုင်ခြင်းမရှိပဲ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ (၂၅) ရက်နေ့အထိ ဆော်ဒီအာရေ ဘီယားနိုင်ငံ၊ Riyadh တွင် ကျင်းပရန် လျာထားခဲ့ပါ သည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီးပါကလည်း နှစ်စဉ်လုပ်ဆောင်ရမည့် စီမံချက်များ သည် ကမ္ဘာ့အမွေအနှစ်နေရာများ၏ ကမ္ဘာလုံးဆိုင်ရာတန်ဖိုးသာမက၊ ကမ္ဘာ့အမွေအနှစ်နေရာ များတွင် နေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်းများ၏နေထိုင်မှုအဆင့်အတန်း၊ လုံခြုံရေးနှင့် စီပွားရေးမျှော်မှန်းချက်များအပေါ် ထည့်တွက်စဉ်းစားလျက် ကာကွယ်ထိန်းသိမ်းရန်အတွက် ရေးဆွဲထားသည့်ဘက်စုံပါဝင်သည့် စီမံခန့်ခွဲမှုအစီအစဉ် (Management Plan)ကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသများနှင့် ပတ်သက်၍ ကမ္ဘာ့အမွေအနှစ် ဒေသများဆိုင်ရာသဘောတူညီချက် (World Heritage Convention, 1972) ၏ လုပ်ငန်းလမ်းညွှန်ချက် (Operational Guideline) အရ သက်ဆိုင်ရာ နိုင်ငံအစိုးရမှ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နေရာ၊ ဒေသတို့အား ထိန်းသိမ်းမှုအခြေအနေ အစီရင်ခံစာ (State of Conservation Report)ကို ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ၏ ဆုံးဖြတ်ချက်နှင့်အညီ (၂) နှစ်လျင် (၁) ကြိမ် တင်ပြရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ရေးသား ပြုစုလျက်ရှိပါသည်။ ထို့ပြင် ဒေသခံပြည်သူလူထု၏ လူမှု စီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ဟန်ချက်ညီညီ ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။
မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာပါက မြန်မာလူမျိုးများသာမက ကမ္ဘာအရပ်ရပ်မှပင် သိရှိစေနိုင်ပြီး နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေခြင်း၊ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အဆင့်မီ ကာကွယ်ထိန်းသိမ်းရန်အတွက် နိုင်ငံတကာမှနည်းပညာနှင့် ငွေကြေး အထောက်အပံ့များ ရရှိလာနိုင်ခြင်း၊ ဒေသခံများအနေဖြင့်လည်း အသိအမြင်များကျယ်ပြန့်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည့်အပြင် ဒေသလည်း ပိုမိုဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေကိုလည်း ပိုမိုတိုးတက် ရရှိစေနိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်၍ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုအမွေအနှစ်များအား မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်အောင် စွမ်းဆောင်၍ အမြင့်ဆုံး ထိန်းသိမ်းမှု ဆောင်ရွက်ရန်နှင့် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးရန်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်ပါသည်။ သို့မှသာ တိုင်းပြည်၏ အဖိုးထိုက်တန်လှသည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထာဝစဉ် တည်တံ့ခိုင်မြဲစေရေးအတွက် တစ်မျိုးသားလုံးက ဂုဏ်ယူဝင့်ကြွားစွာ အမျိုးသားရေးအမြင်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပါသည်။